အာဏာရှင်ရဲ့ "ဆပ်ပြာပူပေါင်း" နိုင်ငံရေး
- Horizons News

- 4 days ago
- 1 min read

အဘတွေရဲ့ "လေလုံးထွား" နိုင်ငံရေးနဲ့ မြေပြင်က အမှန်တရား ဘယ်လောက်ကွာဟနေလဲဆိုတာကလေးတွေ ဆပ်ပြာပူပေါင်းမှုတ်တမ်းကစားသလိုပါပဲ၊ လှလှပပလေးထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ 'ဖောက်' ဆိုပြီး ပေါက်ကွဲပျောက်ကွယ်သွားမယ့် စိတ်ကူးယဉ်ကတိကဝတ်တွေကို ခပ်တည်တည်နဲ့ ထိုင်မှုတ်ပြနေတဲ့ အဖြစ်ပါ။
သူမှုတ်ထုတ်နေတဲ့ ပူပေါင်းလေးတွေကို ကြည့်လိုက်ပါဦး ၊အိမ်မှာ ထမင်းဟင်းချက်ဖို့တောင် မီးမှန်မှန်မလာလို့ မီးသွေးဖိုနဲ့ အသက်ဆက်နေရတဲ့ ခေတ်ကြီးထဲမှာ "လျှပ်စစ်ရထား"၊ "မြေအောက်ရထား" တွေ ပြေးဆွဲမယ်ဆိုတဲ့ ပူပေါင်းကတော့ အဟားရဆုံးပါပဲ။ ကိုယ့်ရုံးခန်းက မီးစက်အတွက် ဆီအရင်ရှာပြီးမှ လျှပ်စစ်ရထားအကြောင်း ပြောသင့်တာပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်စစ်ပွဲတွေ ဆင်နွှဲနေချိန်မှာ အသက်မဝင်တော့တဲ့ "NCA" ကို အော်နေတာရော၊ ပြည်သူတစ်ရပ်လုံးကန့်ကွက်ထားတဲ့ "မြစ်ဆုံ" စီမံကိန်းကို ပြန်စဖို့ အရိပ်အမြွက် ပြောနေတာရောဟာ လက်တွေ့နဲ့ အလှမ်းဝေးလွန်းတဲ့ ဆပ်ပြာပူပေါင်းတွေပါပဲ။
အထိမိဆုံးကတော့ သူမှုတ်ထုတ်နေတဲ့ နေရာကနေ ထွက်လာတဲ့ "Fool ထောင်စု" ဆိုတဲ့ စကားလုံးပါပဲ။ "ပြည်ထောင်စု" ကို ကာကွယ်နေသယောင်ယောင် ဟန်လုပ်နေပေမဲ့ တကယ်တမ်းတော့ ပြည်သူတွေကို အရူး (Fool) တွေလို့ သဘောထားပြီး ဒီလို ဆပ်ပြာရည် ပူပေါင်းတွေနဲ့ လှည့်စားလို့ရမယ်လို့ ထင်နေတာလေ။
ဒါပေမဲ့ မြေပြင်က ပြည်သူတွေကတော့ လက်တွေ့ဘဝရဲ့ခါးသီးမှုတွေကို ရင်ကော့ခံစားနေရတာမို့ ဒီလို ဆပ်ပြာရည်နဲ့ မှုတ်ထားတဲ့ပူပေါင်းတွေဟာ လေထဲမှာ ခဏလောက်ဝဲပြီးရင် ပေါက်ကွဲပျောက်ကွယ်သွားမယ်ဆိုတာ ကောင်းကောင်းသိနေပါပြီ။
အဘရေ... လေကုန်ခံပြီး ပူပေါင်းတွေ ထိုင်မှုတ်မနေပါနဲ့တော့။ဆပ်ပြာရည်ပုလင်းသာ ခန်းသွားမယ်၊ အဲဒီ စိတ်ကူးယဉ်ပူပေါင်းတွေကတော့ တစ်ခုမှအကောင်အထည် ပေါ်လာမှာ မဟုတ်ဘူးဗျ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments