အူမတောင့်လွန်းလို့ ဗိုက်ပြဲနေတဲ့ "သီလမဲ့" အကောင်ကြီးများ
- Horizons News

- 1 day ago
- 1 min read

ရှေးမြန်မာကြီးတွေရဲ့ စကားပုံတစ်ခု ရှိတယ်လေ... "အူမတောင့်မှ သီလစောင့်နိုင်မယ်" တဲ့။ ဆိုလိုတာက ဗိုက်ထဲမှာ အစာအာဟာရ ပြည့်ဝနေမှ၊ စားဝတ်နေရေး အဆင်ပြေမှ လူတွေက ကိုယ်ကျင့်တရားဆိုတာကို စောင့်ထိန်းနိုင်မယ်လို့ ဆိုလိုတာပါ။ တကယ်လည်း ဟုတ်ပါတယ်။ အရာရာ ကြပ်တည်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မနက်ဖြန် ဘာစားရမလဲ ပူနေရတဲ့ အခြေခံလူတန်းစားတွေခမျာ ဝမ်းရေးအတွက် ရံဖန်ရံခါ သီလလေး ဘာလေး ကျိုးပေါက်ချင် ပေါက်သွားနိုင်ပါတယ်။
ဒီဖက်ခေတ်မှာတော့အူမအတောင့်လွန်နေလည်း သီလမစောင့်တာတွေ တပုံကြီး တဲ့။တကယ့်ကို မှန်လိုက်လေဗျာ... နေပြည်တော်က အဘတွေ၊ အာဏာရှင်တွေနဲ့ သူတို့ရဲ့ လက်ပါးစေ ခရိုနီ ခေါင်းကြီးပိုင်းတွေကိုပဲ ကြည့်လိုက်ပါ။ သူတို့ရဲ့ "အူမ" တွေက တောင့်ရုံတင် မကဘူးဗျ။ တိုင်းပြည်ရဲ့ သယံဇာတတွေ၊ ပြည်သူတွေဆီက အဓမ္မ ညှစ်ယူထားတဲ့ အခွန်အခတွေ၊ မတရား သိမ်းပိုက်ထားတဲ့ စည်းစိမ်တွေနဲ့ သူတို့ရဲ့ အူမတွေဟာ အဆမတန် စူထွက်ပြီး ပေါက်ကွဲထွက်မတတ်ကို "အတောင့်လွန်" နေကြတာပါ။
ဒါပေမဲ့... အဲဒီလောက် အူမတွေတောင့်နေတဲ့ သူတို့တွေသီလစောင့်သလားလို့ မေးလိုက်ရင် အဖြေက ရယ်စရာကြီးပါ။
သူများအသက်ကို နေ့ခင်းကြောင်တောင် ဗုံးကြဲပြီး သတ်တယ် (ပါဏာတိပါတကံ)။
တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ပြောင်ပြောင်တင်းတင်း လုယက်ခိုးယူတယ် (အဒိန္နာဒါနကံ)။
တပ်ထဲမှာဆို သူများသားမယားလဲမထား ကြုံတိုင်းစားချင်တဲ့(ကာမေသုကံ)
သတင်းစာ၊ ရုပ်မြင်သံကြားကနေ နေ့တိုင်း အရှက်မရှိ လိမ်ညာပြောဆိုတယ် (မုသာဝါဒ)။
နေ့ညမရှောင် ပါတီရောက် သေအောင်သောက်နေတဲ့(သုရာမေရယကံ)
ငါးပါးသီလမှာ တစ်ပါးမှ လုံအောင်မစောင့်နိုင်တဲ့ အကောင်တွေချည်းပါပဲ။
ဒါကြောင့် ဒီခေတ်ကြီးမှာ "အူမတောင့်မှ သီလစောင့်တယ်" ဆိုတဲ့ စကားပုံက သာမန်ပြည်သူတွေအတွက်ပဲ မှန်ပါတယ်။အာဏာရူးတွေနဲ့ တိုင်းပြည်ဖျက် သူခိုးကြီးတွေ အတွက်ကတော့ အူမ ဘယ်လောက်ပဲ တောင့်တောင့်၊ ဗိုက်ဘယ်လောက်ပဲ ပြဲပြဲ၊ ဘယ်တော့မှ မပြည့်ဝနိုင်တဲ့ လောဘအိုးကြီးတွေမို့ "သီလ" ဆိုတာ သူတို့နဲ့ အဝေးဆုံးမှာပဲ ရှိနေပါတော့တယ်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments