top of page
Logo-Icon.png

“အငတ်လွန်တဲ့ ခေတ်”


အရင်ခေတ်တွေတုန်းက လူတစ်ယောက် ဗိုက်ကို ဖက်ပြီး လဲကျသွားရင် "ဘာတွေများ အစားလွန်သွားလို့လဲ၊ အစာအိမ်များ ရောင်နေလား" လို့ ဆေးပညာအရ တွေးကြတာပေါ့။ အခု အဘတွေ တိုင်းပြည်ကို 'သာယာဝပြောအောင်' အုပ်ချုပ်နေတဲ့ ဒီခေတ်ပျက်ကြီးထဲမှာတော့ ရောဂါရှာဖွေပုံတွေက လုံးဝ ပြောင်းသွားပါပြီ။


ဟိုတလောက ရန်ကုန်လမ်းမထက်မှာ ဆိုက်ကားဆရာကြီး တစ်ယောက် ရုတ်တရက် လဲကျပြီး သေဆုံးသွားတဲ့သတင်းကို ကြားလိုက်ရတော့ ရင်ထဲအတော်လေး ဆို့နင့်သွားတယ်။ ဆရာဝန်တွေ စစ်ဆေးကြည့်တော့ နှလုံးကြေကွဲစရာ အဖြေတစ်ခု ထွက်လာတယ်။ သူ့ဗိုက်ထဲမှာ အစာဆိုလို့ တစ်စက်လေးမှ မရှိဘူးတဲ့။ တစ်နေ့လုံး နေပူကျဲကျဲထဲ ချွေးတပြိုက်ပြိုက်နဲ့ ဆိုက်ကားနင်းပြီး ရုန်းကန်နေရပေမယ့် ကုန်ဈေးနှုန်းတွေက အာကာသထဲရောက်နေတော့ ထမင်းတစ်နပ်စာလေးတောင် ဝယ်မစားနိုင်ဘဲ အငတ်လွန်ပြီးအသက်ထွက်သွားရတဲ့ အဖြစ်ပါ။


တီဗီသတင်းတွေထဲမှာတော့ အဘတွေက "စီးပွားရေးတွေ တိုးတက်နေပြီ၊ စိုက်ပျိုးရေးတွေ အောင်မြင်နေပြီ၊ ပြည်သူတွေ စားရေရိက္ခာ ဖူလုံနေပြီ" ဆိုပြီး နေ့ခင်းကြောင်တောင် မျက်နှာပြောင်တိုက် လိမ်ညာနေကြတာလေ။တကယ်တမ်း မြေပြင်မှာကျတော့ ပြည်သူတွေခမျာ ထမင်းတစ်လုတ်အတွက် အသက်နဲ့ရင်းပြီး ရှာနေရတယ်။


အဘတွေနဲ့ ခရိုနီတွေက နိုင်ငံခြားဝိုင်တွေသောက်၊ ဘူဖေးတွေစားပြီး အဆီတွေတဝင်းဝင်းနဲ့ ဗိုက်ရွှဲနေချိန်မှာ လမ်းမပေါ်က အခြေခံပြည်သူတွေကတော့ အစာအိမ်ထဲလေဟာနယ်ဖြစ်ပြီး လမ်းဘေးမှာ အငတ်ဘေးနဲ့သေပွဲဝင်နေကြရတာ တကယ့်ကို ရင်နာစရာကောင်းလွန်းပါတယ်။


ဒါကြောင့်... ဒီခေတ်ကြီးထဲမှာ တစ်ယောက်ယောက် ဗိုက်ကို ဖက်ပြီး နာကျင်လဲကျနေရင် ဆေးရုံကားကို အရင်ပြေးမခေါ်ပါနဲ့။ ထမင်းတစ်လုတ်၊ ရေတစ်ခွက်လောက်သာ အရင်တိုက်ကြည့်လိုက်ပါ။ ဒီနေ့ခေတ် ပြည်သူတွေကို ဒုက္ခအပေးဆုံးနဲ့ အသေအပျောက် အများဆုံး ရောဂါက အစာအိမ်ရောဂါ မဟုတ်ပါဘူး၊ အာဏာရူးတွေ တမင်ဖန်တီးထားတဲ့ "အငတ်ဘေး" ဆိုတဲ့ ရောဂါဆိုးကြီးပဲ ဖြစ်ကြောင်းပါခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page