အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပြန်ထူထောင်သည့် ကိုလံဘီယာ သမ္မတသစ်ကို ပြည်သူများ ဆန္ဒပြ
အောက်တိုဘာ ၁၅၊ Horizons

ကိုလံဘီယာနိုင်ငံတွင် လယ်ယာယိမ်း သမ္မတသစ် အာဘဲလာဒို ဒီလာအက်စ်ပရီယာလာ၏ မူဝါဒ များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အောက်တိုဘာ ၁၄ ရက်တွင် နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည်။
ယခုဆန္ဒပြပွဲများသည် အာဘဲလာဒို သြဂုတ်လအတွင်း သမ္မတဖြစ်လာပြီးနောက်ပိုင်း အတိုက်အခံ များ၏ ပထမဆုံးအကြိမ် အင်အားပြပွဲ ဖြစ်လာခဲ့သည်။မြို့တော် ဘိုဂိုတာတွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို လက်ဝဲယိမ်း သမ္မတဟောင်း ဂူစတာဗို ပက်ထရိုက ဦးဆောင်ခဲ့ပြီး အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ကျောင်းသားများ ပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူများသည် ဆယ်စုနှစ်များစွာအတွင်း အစွန်းရောက်ဆုံး ဟုဆိုနိုင်သည့် လယ်ယာယိမ်း အစိုးရအဖွဲ့၏ လုပ်ရပ်များကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ပက်ထရို၏ လက်ထက်တွင် အရပ်ဘက် ပညာရေး၊ အနိမ့်ဆုံးလုပ်ခလစာနှင့် အလုပ်သမား အခွင့် အရေးများကို တိုးမြှင့်ပေးခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် ယင်းအခွင့်အရေးများ ဆုံးရှုံးရမည်ကို ဆန္ဒပြသူများက စိုးရိမ်နေကြသည်။
အာဘဲလာဒိုသည် ရာဇဝတ်မှုများကို နှိမ်နင်းရန်နှင့် သူပုန်အဖွဲ့များကို အမြစ်ဖြတ်ရန် ကတိပြု ထားသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေသည်ဟု ဝေဖန်ခံနေရသည်။

အစိုးရအဖွဲ့သည် ဆန္ဒပြပွဲများ မတိုင်မီ လူထုဆန္ဒပြမှုများကို ပိုမို တင်းကြပ်စွာ ထိန်းချုပ်နိုင်သည့် အမိန့်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများနှင့် လမ်းပိတ်ဆို့မှုများကို လုံးဝ သည်းခံမည်မဟုတ်ကြောင်း အာဘဲလာဒိုက လူမှုကွန်ရက်တွင် ရေးသားခဲ့သော်လည်း ယင်းမှာ ပြည်သူများကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု အတိုက် အခံများက စွပ်စွဲခဲ့သည်။
အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒအပေါ်တွင်လည်း ပြည်သူများက အလိုမကျဖြစ်ကာ မကျေမနပ် ဆန္ဒပြခဲ့ကြသည်။ဂါဇာပဋိပက္ခကြောင့် သမ္မတဟောင်း ပက်ထရို ဖြတ်တောက်ခဲ့သည့် အစ္စရေးနှင့် သံတမန်ဆက် ဆံရေးကို အစိုးရသစ်က ပြန်လည်ထူထောင်ခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည်။
မြို့တော် ဘိုဂိုတာရှိ ဆန္ဒပြပွဲအတွင်း အမေရိကန် အလံများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပါလက်စတိုင်း အလံများကို လွှင့်ထူ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ပြီးခဲ့သည့် ဇွန်လ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း အနည်းငယ်အလိုဖြင့် ရှုံးနိမ့်ခဲ့သည့် လက်ဝဲယိမ်း အမတ် အီဗန် ဆီပီဒါလည်း ယခု ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
News & Photo: France 24




Comments