အပြစ်မရှိသော မျက်နှာပြောင်ကြီးများ
- Horizons News

- 4 days ago
- 1 min read

ကုလားထိုင်မရသေးခင် အချိန်တွေတုန်းကတော့ သူတို့ပါးစပ်တွေက ပျားရည်ကန်ထဲစိမ်ထားသလား မှတ်ရတယ်။ပြည်သူရှေ့ရောက်ရင် ခါးလေးကိုင်း၊ သွားလေးဖြီးပြီး "ရော့... ကတိ၊ ရော့... ကတိ" နဲ့ တကယ့်ကိုအိတ်သွန်ဖာမှောက် ပေးခဲ့ကြတာလေ။
"ကုန်ဈေးနှုန်းတွေကို ချက်ချင်းကျစေရမယ်ဗျာ၊ ကျုပ်က ပြည်သူ့အစေခံပါ" ဆိုပြီး လေလုံးထွားလိုက်တာများ ကုန်ဈေးနှုန်းက သူတို့လက်ထဲက အဲကွန်းရီမုလိုပဲ၊ ခလုတ်နှိပ်လိုက်တာနဲ့ အလိုလို ထိုးကျသွားမယ့်အတိုင်းပဲ။
ဒါပေမဲ့ တကယ်တမ်း ခေါင်းပေါ် ခေါင်းပေါင်းလေး ရောက်သွားလို့ သူတို့ဖင်နဲ့ အာဏာပလ္လင်နဲ့ ကပ်သွားတဲ့အချိန်လည်းရောက်ရော... သူတို့ရဲ့အတိတ်မေ့ရောဂါက ချက်ချင်းထကြွလာပါလေရော။
ဆန်ဈေး၊ဆီဈေး၊ရွှေဈေး၊ဒေါ်လာဈေးတွေက အာကာသထဲရောက်သွားပြီ၊ ပြည်သူတွေခမျာ တစ်နပ်စာအတွက် သွေးမျက်ရည်ကျနေရပြီ။ အဲဒီအချိန်မှာ တိုင်းပြည်ကို ဒီကိန်းဆိုက်အောင် လုပ်ထားတဲ့ သူတို့ကတော့ ခါးလေးထောက်၊ မျက်နှာကို ပြောင်သလင်းခါအောင် လုပ်ပြီး ခပ်တည်တည်ပဲ။
"ကုန်ဈေးနှုန်း မကျတာ ငါ့အပြစ် မဟုတ်ဘူး" တဲ့။
စဉ်းစားသာ ကြည့်ကြပါတော့။သာမန် ပြည်သူတွေခမျာ ငတ်လွန်းလို့ ဈေးထဲက ဟင်းသီးဟင်းရွက်လေးတစ်ပင်ခိုးမိရင်တောင် ရဲဖမ်းခံရ၊ ထောင်ကျခံရတဲ့ ပြစ်မှု မြောက်တယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးရဲ့စီးပွားရေးကို ပြာကျအောင်လုပ်၊ ပြည်သူတွေအကုန်လုံးကို အငတ်ဘေးဆိုက်အောင်လုပ်ထားတဲ့ အကောင်တွေကျတော့ "အပြစ် မဟုတ်ဘူး" တဲ့ဗျာ။
မလုပ်နိုင်ရင် အစကတည်းက လေလုံးမထွားနဲ့လေ။အခုတော့ နေရာလည်းလိုချင် လေလည်းဖော၊ တကယ်တမ်း ပြဿနာလည်း ကြုံရော တာဝန်ယူမှု၊ တာဝန်ခံမှု တစ်စက်လေးမှ မရှိဘဲ "ငါ့အပြစ် မဟုတ်ဘူး" လို့ မျက်နှာပြောင်တိုက်နေတဲ့ သူခိုးဂျပိုးနိုင်ငံရေးသမားတွေကိုတော့ ကမ္ဘာ့အထူဆုံး မျက်နှာရှင်တွေအဖြစ် သမိုင်းမှာ ဂင်းနစ်စံချိန်တင် မှတ်တမ်းတင်ပေးလိုက်ရုံပဲ ရှိပါတော့တယ်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments