top of page
Logo-Icon.png

အဘတို့ရဲ့ "ဒီဂျစ်တယ်" ခရီးသွားမြှင့်တင်ရေး နဲ့ လမ်းခုလတ်မှာ အဆွဲခံရတဲ့ "ပေါ်တာ" ဘေး

Oct 2
1 min read

နေပြည်တော်က အာဏာရူးအဘတွေဟာ စကားလုံးအဆန်းတွေ၊ အသုံးအနှုန်း အသစ်တွေနဲ့ လေလုံးထွားရတာကို သိပ်ဝါသနာပါကြပါတယ်။ တိုင်းပြည်က မွဲပြာကျပြီး ပြည်သူတွေသောကရောက်နေပေမဲ့ သူတို့ပါးစပ်ကတော့ "စမတ်" တို့၊ "ဒီဂျစ်တယ်" တို့ ဆိုတဲ့ ဝေါဟာရတွေက မချတမ်းပါပဲ။


ကာတွန်းထဲမှာ တွေ့ရတဲ့အတိုင်း စကစရဲ့ မပီမပြင်တင်ဆက်သူက မိုက်ခရိုဖုန်းကိုင်ပြီး "ဒီဂျစ်တယ်နည်းပညာသုံး ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို လုပ်ဆောင်ပါမယ်" လို့ မျက်နှာပြောင်တိုက် ကြွေးကြော်နေပါတယ်။နိုင်ငံခြားသားခရီးသွားတွေ လာအောင်၊ ပြည်တွင်း ခရီးသွားလာမှုတွေ တိုးတက်အောင် ခေတ်မီနည်းပညာတွေနဲ့ အကောင်အထည်ဖော်တော့မယောင်ယောင် အရှက်မရှိ ဟန်ရေးပြနေတာပါ။


ဒါပေမဲ့ မြေပြင်က ပြည်သူတွေရဲ့ လက်တွေ့ဘဝကတော့ အဲဒီ "ဒီဂျစ်တယ်" ဆိုတဲ့ စိတ်ကူးယဉ် အလိမ်အညာကမ္ဘာနဲ့ တခြားစီပါပဲ။ပြည်သူက အဘတို့ရဲ့လေလုံးကို အထိမိဆုံး ပြန်ပက်လိုက်ပါတယ်။ "ခရီးသွားတွေကို ကားပေါ်ကဆွဲချပြီး ပေါ်တာခေါ်တာကိုပဲ အရင်.. ဖြေရှင်းပေးဦး" တဲ့လေ။


ဒါဟာ လက်ရှိမြန်မာပြည်ရဲ့ အခါးသီးဆုံးအမှန်တရားပါပဲ။ခရီးသွားကဏ္ဍကို နည်းပညာသုံးပြီး မြှင့်တင်ဖို့ နေနေသာသာ၊ ပြည်သူတွေခမျာ ကိုယ့်နိုင်ငံတွင်းမှာတောင် ဘယ်မှ လွတ်လွတ်လပ်လပ် ခရီးသွားလို့မရတဲ့ အခြေအနေပါ။အဝေးပြေးကားတွေ၊ ခရီးသည်တင်ကားတွေကို စစ်ဆေးရေးဂိတ်တွေမှာ အကြောင်းမဲ့တားဆီးပြီး ပါလာတဲ့လူငယ်တွေကို ကားပေါ်ကနေ အတင်းအဓမ္မ ဆွဲချကာ ပေါ်တာဆွဲ၊ စစ်ထဲသွင်းနေတဲ့လုပ်ရပ်တွေကို အဘတို့ရဲ့လက်ပါးစေတွေက နေ့စဉ်နဲ့အမျှ ဗြောင်ကျကျ ကျူးလွန်နေတာ တစ်ကမ္ဘာလုံး အသိဖြစ်ပါတယ်။


ခရီးသွားပြည်သူတွေကို လမ်းခုလတ်မှာ ဓားပြတိုက်သလိုဖမ်းဆီးပြီး သေတွင်းပို့နေတဲ့ အာဏာရူးတပ်ပျက်ကြီးကပဲ "ခရီးသွားမြှင့်တင်ရေး" လို့ အရှက်မရှိလေလုံးထွားနေတဲ့ ဟန်ပြ ဇာတ်ပျက်ကြီးကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page