top of page
Logo-Icon.png

အဘတို့ရဲ့ "လူသားအရင်းအမြစ်" လေလုံး နဲ့ စာသင်ကျောင်းပေါ်က "ဗုံး"

Oct 2
1 min read

နေပြည်တော်က အာဏာရူးအဘတွေဟာ ပါးစပ်ဟလိုက်ရင် တိုင်းပြည်အနာဂတ်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး လေလုံးထွားလေ့ရှိပါတယ်။ကာတွန်းထဲမှာ တွေ့ရတဲ့အတိုင်း "လူသားအရင်းအမြစ်ကောင်းတွေကို ကျောင်းတွေကနေ မွေးထုတ်ပေးဖို့ လိုပါတယ်" ဆိုတဲ့ စကားက သူတို့ နေ့စဉ် မျက်နှာပြောင်တိုက် ရွတ်ဖတ်နေကျ အလိမ်အညာ ဂါထာတစ်ခုပါပဲ။


စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့အနာဂတ်ကို ပုံဖော်ပေးတဲ့ နေရာ၊ နိုင်ငံရဲ့လူသားအရင်းအမြစ်တွေ ရှင်သန်ကြီးထွားရာ နေရာပါ။ဒါပေမဲ့ အဘတို့ကတော့ အဲဒီ "စာသင်ကျောင်း" ဆိုတဲ့ ခေါင်မိုးပေါ်ကို လေယာဉ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ပျံသန်းပြီး ဗုံးကြဲချကာ လူသားအရင်းအမြစ်တွေကို အမြစ်ပြတ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။


တကယ်တော့ အဘတို့ အလိုချင်ဆုံးက တွေးခေါ်တတ်တဲ့၊ ပညာတတ်တဲ့ စစ်မှန်သော "လူသားအရင်းအမြစ်" တွေ မဟုတ်ပါဘူး။သူတို့ ခိုင်းတာလုပ်မယ့်၊ သေနတ်ပြတိုင်း ခေါင်းငုံ့ခံမယ့် ကျွန်တွေကိုသာ လိုချင်တာပါ။ဒါကြောင့်လည်း တော်လှန်ရေးနယ်မြေတွေက စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ပြီး အပြစ်မဲ့ကလေးငယ်တွေရဲ့ အသက်ကို နှုတ်ယူနေတာပါ။ပါးစပ်ကနေ ပညာရေးကို အားပေးသယောင် ဟန်ဆောင်နေပေမဲ့ လက်တွေ့မှာတော့ စာအုပ်ကိုင်ရမယ့် ကလေးတွေပေါ် ဗုံးကြဲပြီး တိုင်းပြည်ရဲ့အနာဂတ်ကို မီးလောင်တိုက် သွင်းနေတာ အားလုံးအသိပါပဲ။


နိုင်ငံတကာကို မျက်လှည့်ပြဖို့ "လူသားအရင်းအမြစ်" လို့ အသံကျယ်ကျယ်အော်နေပြီး တကယ်တမ်းကျတော့ စာသင်ကျောင်းတွေပေါ် ဗုံးကြဲကာ ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အာဏာရူးစစ်အုပ်စုရဲ့သွေးစွန်းနေတဲ့ မျက်နှာဖုံးကို သရော်လှောင်ပြောင်ခွာချထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page