top of page
Logo-Icon.png

အဘတို့ရဲ့ ဝါဒဖြန့် ဇာတ်ကား "နေလည်းခွေး၊ သေလည်းအေး" ဘွဲ့

Oct 4
1 min read

နေပြည်တော်က အာဏာရူးအဘတွေဟာ တကယ့်လက်တွေ့ မြေပြင်စစ်မျက်နှာမှာ အလူးအလဲ ရှုံးနိမ့်ပြီး စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရချိန်မှာ စိတ်ကူးယဉ်ဇာတ်ကားတွေရိုက်ပြီး သူတို့ကိုယ်သူတို့ အမွှမ်းတင် ဂုဏ်ပြုဖို့ အရှက်မရှိ ကြိုးစားနေကြပါတယ်။


ကာတွန်းထဲမှာ တွေ့ရတဲ့အတိုင်း စစ်အုပ်စုရဲ့ အာဘော်ကို ရေးသားနေတဲ့ "BALLMA MEDIA" (ဘောမ မီဒီယာ) က သတင်းထောက်မလေးက ပြည်သူတစ်ဦးကို "တပ်မတော်ကို ဂုဏ်ပြုပြသမယ့် အခု ဇာတ်ကား နာမည်ကို သိလား" ဆိုပြီး အထာနဲ့ လာမေးပါတယ်။အဘတို့ကတော့ သူတို့ရဲ့ တပ်ပျက်ကြီးကို ကယ်တင်ရှင်ကြီးတွေအဖြစ် ပုံဖော်ပြီး ဇာတ်ကားရိုက်ကာ ဝါဒဖြန့်ချင်နေတာပါ။


ဒါပေမဲ့ ပြည်သူ့ဘက်က ပြန်ဖြေလိုက်တဲ့ အဖြေကတော့ "အဲ... နေလည်းခွေး သေလည်းအေး ဆိုလားပဲ" လို့ ခပ်အေးအေးပဲ ပြန်ဖြေချလိုက်ပါတယ်။ဒါဟာ "နေလည်းအေး၊ သေလည်းအေး" ဆိုတဲ့ စကားကို အဘတို့ရဲ့ လက်ရှိ ဘဝအမှန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ပြီး ခနဲ့လိုက်တာပါပဲ။ အသက်ရှင်နေသရွေ့တော့ ပြည်သူကို ကိုက်တဲ့ "ခွေး" လို အမုန်းခံ၊ အကျိန်ဆဲခံရမှာဖြစ်ပြီး သူတို့တွေ သေသွားရင်တော့ တိုင်းပြည်ကြီး သာယာအေးချမ်းသွားမယ်ဆိုတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ရင်တွင်းဆန္ဒကို အထိမိဆုံး ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။


တကယ်တော့ အဘတို့ ဘယ်လောက်ပဲ ငွေကုန်ကြေးကျခံပြီး ဇာတ်ကားတွေရိုက်ရိုက်၊ နိုင်ငံပိုင် မီဒီယာတွေကနေ ဘယ်လောက်ပဲ ဝါဒဖြန့်ဖြန့်၊ ပြည်သူတွေရဲ့ ရင်ထဲမှာတော့ စစ်အာဏာရှင်ဆိုတာ "နေလည်းခွေး၊ သေလည်းအေး" ဆိုတဲ့ အဆင့်လောက်ပဲ ရှိတော့တယ်ဆိုတာကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page