အဘရဲ့ "မျက်နှာချိုသွေး"

နေပြည်တော်က အာဏာရူးစစ်ခေါင်းဆောင်ဟာ မြေပြင်တိုက်ပွဲတွေမှာ အလူးအလဲရှုံးနိမ့်ပြီး အသက်ရှူပေါက် ပိတ်လာတဲ့အခါ၊ နိုင်ငံတကာကိုလှည့်ပြီး ကယ်တင်ရှင် ရှာလာပါတယ်။အခုဆိုရင် ဖွဲ့စည်းပုံကို ဗြောင်ကျကျချိုးဖောက်ပြီး "အမည်ခံ သမ္မတ" အဖြစ် ကိုယ့်ကိုယ်ကိုယ် တင်မြှောက်ကာ နိုင်ငံရေးလှည့်ကွက်တွေ သုံးဖို့ကြိုးစားနေပါပြီ။
ကာတွန်းထဲမှာ လူငယ်တစ်ယောက်က "မြန်မာ့အမည်ခံ သမ္မတက သွေးကတော့ အပြည့်ပဲ" လို့ ခနဲ့တဲ့တဲ့ စကားစလိုက်ပါတယ်။ဒီစကားရဲ့ဆိုလိုရင်းကို သူက ဆက်ပြီး "နိုင်ငံတကာကို မျက်နှာချိုအပြည့် သွေးတာလည်း ပါတယ်။" လို့ ရှင်းပြထားပါတယ်။အဘဟာ သူ့ရဲ့စစ်ရှုံးနေတဲ့အခြေအနေကို ဖုံးကွယ်ဖို့နဲ့ အာဏာဆက်မြဲဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေကို ရွေးကောက်ပွဲအတုအယောင်ကြီး လုပ်ပေးပါ့မယ်ဆိုပြီး အရှက်မရှိ "မျက်နှာချိုသွေး" ကာ အကူအညီတောင်းနေတာ တစ်ကမ္ဘာလုံးအသိပါ။
ဒါပေမဲ့ ဒုတိယလူငယ်ကတော့ အဘရဲ့ အဲဒီ "သွေး" ဆိုတဲ့ စကားလုံးကို တကယ့်လက်တွေ့ မြေပြင်က ခါးသီးတဲ့အမှန်တရားနဲ့ ပြန်လည်ချေပလိုက်ပါတယ်။အဘမှာ ပြည့်နေတဲ့သွေးဆိုတာ မျက်နှာချိုသွေးတဲ့ အလိမ်အညာတွေ တစ်ခုတည်း မဟုတ်ပါဘူး။ "ပြည်သူကို ချနင်း၊ စစ်မှုထမ်းတွေ ထိုးကျွေးရတဲ့ သွေးလား" လို့ မေးခွန်းထုတ်လိုက်ပါတယ်။
ဒါဟာ မြန်မာစာရဲ့ "သွေး" ဆိုတဲ့ စကားလုံးကို အပီပြင်ဆုံးကစားသွားတဲ့ ပြက်လုံးပါပဲ။ နိုင်ငံတကာကို ဘယ်လောက်ပဲမျက်နှာချိုသွေးသွေး၊အဘရဲ့ လက်ပေါ်မှာပေကျံနေတာက အပြစ်မဲ့ ပြည်သူတွေကို ဓားမိုး အနိုင်ကျင့်သတ်ဖြတ်ထားတဲ့ သွေးတွေ၊ပြီးတော့ ကိုယ့်အာဏာမြဲဖို့အတွက် အတင်းအဓမ္မစစ်ထဲသွင်းပြီး ရှေ့တန်းစခန်းတွေမှာ အသေခံခိုင်းနေတဲ့ ပြည်သူ့သားသမီး လူငယ်လေးတွေရဲ့သွေးတွေပဲ ဖြစ်ပါတယ်။
နိုင်ငံတကာကို အလိမ်အညာတွေနဲ့မျက်နှာချိုသွေးဖို့ ကြိုးစားနေပေမဲ့ တကယ့်လက်တွေ့မှာတော့ ပြည်သူ့သွေးတွေနဲ့ လည်ပင်းနစ်နေတဲ့ အာဏာရူး "အမည်ခံ သမ္မတ" ရဲ့ ယုတ်မာလှတဲ့ သရုပ်မှန်ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments