"ဥစ္စာဖြို စစ်ဗိုလ်"

မြန်မာစကားပုံမှာ "ဥစ္စာဖြို မီးဖို" ဆိုတာ ရှိပါတယ်။မိသားစုတစ်စုမှာ စားဝတ်နေရေးအတွက် မီးဖိုချောင်စရိတ်က အများဆုံးကုန်ကျပြီး စုဆောင်းထားတဲ့ ဥစ္စာဓနတွေကို လျော့ပါးစေတယ်ဆိုတဲ့ သဘောပါ။ဒါပေမဲ့ နေပြည်တော်က အာဏာရူးအဘတွေ တိုင်းပြည်ကိုမတရားလုယူပြီး ဖျက်ဆီးနေတဲ့ အခုလို ခေတ်ပျက်ကြီးထဲမှာတော့ အဲဒီစကားပုံဟာ ပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ လုံးဝ အံမဝင်တော့ပါဘူး။
ကာတွန်းထဲက အမျိုးသားက "ဥစ္စာဖြို မီးဖိုတဲ့ကွ" လို့ အရင်ခေတ်က စကားပုံကို သုံးပြီး ညည်းတွားလိုက်ချိန်မှာ အိမ်ရှင်မဖြစ်သူက ခေတ်နဲ့အညီ ပြင်ဆင်ပေးလိုက်ပါတယ်။ "ဥစ္စာဖြို စစ်ဗိုလ် ပါတော်၊ စစ်ဗိုလ်တွေ ဖြိုလို့ ကျွန်မတို့ ဥစ္စာပစ္စည်းတွေ ဘာရှိတော့လို့လဲ" ဆိုပြီး ပြန်လည်တုံ့ပြန်လိုက်တာပါပဲ။
ဒါဟာ မြန်မာပြည်သူ တစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ခါးသီးလှတဲ့ လက်တွေ့ဘဝကို မီးမောင်းထိုးပြလိုက်တာပါ။တကယ်တမ်း ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှ ဖျက်ဆီးနေတာ မီးဖိုချောင်က မဟုတ်ပါဘူး။အညာဒေသအပါအဝင် တစ်နိုင်ငံလုံးက ရွာတွေကို မီးတိုက်၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဓားပြတိုက်သလို ခိုးဝှက်လုယက်၊ ငွေကြေးဖောင်းပွမှုတွေ ဖြစ်အောင်လုပ်ပြီး တိုင်းပြည်စီးပွားရေးကို ချောက်ထဲတွန်းချနေတဲ့ အာဏာရူး "စစ်ဗိုလ်" တွေပဲ ဖြစ်ပါတယ်။အဘတို့ရဲ့ အတောမသတ်နိုင်တဲ့ လောဘမီးနဲ့ ရက်စက်မှုတွေကြောင့် ပြည်သူတွေခမျာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေ အကုန်ပြုတ်ပြီး ဘာမှ မကျန်တော့တဲ့အနေအထားကို ရောက်နေရပါပြီ။
ပြည်သူကို မွဲပြာကျအောင် လုပ်ပြီး သူတို့ဆွေမျိုး တစ်သိုက်ပဲ ချမ်းသာအောင် သွေးစုပ်နေတဲ့ အာဏာရူး တပ်ပျက်ကြီးရဲ့ ယုတ်မာလှတဲ့ လုပ်ရပ်တွေကို "ဥစ္စာဖြို စစ်ဗိုလ်" ဆိုတဲ့ စကားလုံးနဲ့ သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments