ဦးကျော်မိုးထွန်းကိုဆက်လက်ထောက်ခံရန်နှင့် စစ်ကောင်စီကိုကုလသမဂ္ဂတွင်နေရာမပေးရန် အမေရိကန်အောက်လွှတ်တော်အမတ်(၆)ဦးတိုက်တွန်း
ဝါရှင်တန် ၊ အောက်တိုဘာ ၁၅ ၊ Horizons

အမေရိကန်အောက်လွှတ်တော်အမတ်(၆)ဦးက ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထောက်ခံရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင်မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးရန် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်မိုက်ခ်ဝေါ့ဇ်ထံ ယမန်နေ့အောက်တိုဘာ(၁၄)ရက်စွဲဖြင့် စာပေးပို့တိုက်တွန်းခဲ့ကြောင်းသိရသည်။
အဆိုပါစာတွင်ပြီးခဲ့သည့်(၂၀၂၁)ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ကုလသမဂ္ဂကိုယ်စားပြုမှုဆိုင်ရာဆုံးဖြတ်ချက်ကို အထောက်အထားစိစစ်ရေးကော်မတီ(Credentials Committee)ကရွှေ့ဆိုင်းထားခြင်းကြောင့်ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။
ထိုသို့ကိုယ်စားပြုခွင့်ဆိုင်ရာဆုံးဖြတ်ချက်ကိုဆက်လက်ဆိုင်းငံ့ထားခြင်းသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီရရှိရေး၊အရပ်သားပြည်သူများကိုကာကွယ်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုတားဆီးရေးတို့တွင် ဒီမိုကရေစီလိုလားသောကိုယ်စားလှယ်များက ကုလသမဂ္ဂနှင့်ဆက်လက်ထိတွေ့ဆောင်ရွက်နိုင်ရန်အရေးပါကြောင်း အမတ်များကထောက်ပြထားသည်။
ထို့ပြင်အကြမ်းဖက်စစ်ကောင်စီ၏ရွေးကောက်ပွဲလုပ်ငန်းစဉ်မှတစ်ဆင့် ကုလသမဂ္ဂတွင်မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရရှိရန်ကြိုးပမ်းမှုကိုလည်း ကန့်ကွက်ထားသည်။အဆိုပါရွေးကောက်ပွဲလုပ်ငန်းစဉ်သည် လက်နက်ကိုင်ပဋိပက္ခများ၊နေရပ်စွန့်ခွာထွက်ပြေးရသူများပြားမှု၊နိုင်ငံရေးဖိနှိပ်မှုများ၊အတိုက်အခံနိုင်ငံရေးသမားများဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် အဓိကဒီမိုကရေစီပါတီများဖယ်ထုတ်ခံထားရမှုတို့ကြား ကျင်းပခဲ့ခြင်းဖြစ်ကြောင်းစာတွင်ဖော်ပြထားသည်။
ကိုယ်စားပြုခွင့်ဆိုင်ရာလက်ရှိအခြေအနေကိုပြောင်းလဲခြင်းသည် အမေရိကန်၏အကျိုးစီးပွားနှင့် ကုလသမဂ္ဂအဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်ကြောင်းလည်း အမတ်များကသတိပေးထားသည်။ထို့ကြောင့်အမေရိကန်အနေဖြင့် အထောက်အထားစိစစ်ရေးကော်မတီဝင်နိုင်ငံများ၊ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌရုံးနှင့် သဘောထားတူညီသည့်အဖွဲ့ဝင်နိုင်ငံများကိုစောစီးစွာဆက်သွယ်ညှိနှိုင်းကာ စစ်ကောင်စီကိုယ်စားလှယ်အားအသိအမှတ်ပြုမည့်ကြိုးပမ်းမှုကို ကန့်ကွက်ရန်တိုက်တွန်းထားသည်။
စာတွင်လက်မှတ်ရေးထိုးသူများမှာ အောက်လွှတ်တော်အမတ်Bill Huizenga၊Betty McCollum၊Gregory W. Meeks၊Young Kim၊ Ami Beraနှင့် Jefferson Shreveတို့ဖြစ်ကြောင်းဖော်ပြထားသည်။၎င်းတို့အနက်Huizengaနှင့်McCollumတို့သည် ကွန်ဂရက်လွှတ်တော်မြန်မာ့အရေးကော်ကပ်စ်၏ပူးတွဲဥက္ကဋ္ဌများဖြစ်ပြီး Meeksသည်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ၏ အဆင့်မြင့်ဒီမိုကရက်အဖွဲ့ဝင်ဖြစ်သည်။
အဆိုပါစာပေးပို့မှုတွင် Burma Action Group(BAG)၊KOA၊PAEMA၊မီချီဂန်ပြည်နယ်ရှိBurma Center နှင့် U.S. Campaign for Burma(USCB)တို့ကလည်းတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တည်မြဲရေးလူထုလက်မှတ်ရေးထိုးတောင်းဆိုမှုကို ညှိနှိုင်းဆောင်ရွက်သူဒေါက်တာသန်းနိုင်ဦးသည် အမတ်Bill Huizenga၏မဲဆန္ဒနယ်မှဖြစ်ပြီး Burma Centerတွင်လည်းပါဝင်ဆောင်ရွက်သူဖြစ်ကြောင်းသိရသည်။
အမေရိကန်အောက်လွှတ်တော်အမတ်များ၏တိုက်တွန်းမှုသည် ကုလသမဂ္ဂတွင်မြန်မာနိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာဆုံးဖြတ်ချက်အတွက် အမေရိကန်၏ရပ်တည်ချက်နှင့်သံတမန်ရေးညှိနှိုင်းမှုများကို အာရုံစိုက်စေသည့်လှုပ်ရှားမှုတစ်ခုဖြစ်သည်။
Photo - Pho Khwar




Comments