top of page
Logo-Icon.png

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲကျင်းပ

မဲလ်ဘုန်း ၊ ဩဂုတ် ၃၁ ၊ Horizons



ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့၌ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ရေဘေးဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရကြသည့်ပြည်သူများအတွက် အရေးပေါ် ထောက်ပံ့ကူညီငွေများ ရှာဖွေပေးရန်ရည်ရွယ်ကာ မြန်မာအသိုင်းအဝိုင်းကဦးဆောင်၍ ရန်ပုံငွေ ဈေးရောင်းပွဲတစ်ရပ်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို ဒေသစံတော်ချိန် ပြီးခဲ့သည့် ဩဂုတ်လ(၃၀ ရက်) မွန်းလွဲ(၂) နာရီမှ ညနေ(၆) နာရီ အချိန်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲလ်ဘုန်းမြို့တွင်းရှိ မြန်မာအသိုင်းအဝိုင်းဝင်များနှင့်စေတနာရှင်ပြည်သူများက တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကူညီအားဖြည့်ပေးခဲ့ကြကြောင်း သိရှိရသည်။


"Let's Stand Together 4 Flood Victims" ဟူသော ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သည့် ယခု ဈေးရောင်းပွဲတွင် မြန်မာ့ရိုးရာအစားအသောက်အမျိုးမျိုးနှင့် အခြားသောပစ္စည်းများကို ရောင်းချခဲ့ကြပြီး ရရှိလာမည့်ရန်ပုံငွေအမြတ်ငွေအားလုံးကို မြန်မာနိုင်ငံအတွင်းရှိရေဘေးသင့် ဒေသများသို့ ပြန်လည်ပို့ဆောင်ကာ လိုအပ်နေကြသူများအတွက် ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။


ပွဲစဉ်အပြီးတွင်လည်း မဲလ်ဘုန်းမြို့ရှိ မြန်မာ့အသိုင်းအဝိုင်းအနေဖြင့် မိမိတို့၏မူလဇာတိမြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများဘက်မှ ယခုကဲ့သို့စာနာထောက်ထားစွာဖြင့် တစ်ခဲနက်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ကြပုံများကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် မျှဝေဖော်ပြခဲ့ကြသည်။


မြန်မာနိုင်ငံအတွင်း၌ ပြီးခဲ့သည့်ဩဂုတ်လ တစ်လတာကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ မြစ်ရေများမြင့်တက်လာမှုများကြောင့် နိုင်ငံတစ်ဝန်းရှိဒေသအများအပြားတွင် ရေကြီးရေလျှံမှုဆိုးရွားစွာဖြစ်ပွားခဲ့ပြီး အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏လူနေအိမ်ခြေများ၊ အခြေခံအဆောက်အအုံများနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း လူသားချင်းစာနာမှုဆိုင်ရာအစီရင်ခံစာများအရ သိရသည်။


ယင်းကဲ့သို့ ပြည်တွင်း၌အကျပ်အတည်းများနှင့်ရင်ဆိုင်နေရချိန်တွင် ဩစတြေးလျနိုင်ငံ အပါအဝင်နိုင်ငံတကာရပ်ဝန်းအမျိုးမျိုးတို့၌ ရောက်ရှိနေထိုင်ကြကုန်သော ပြည်ပရောက်မြန်မာ့အသိုင်းအဝိုင်းများကလည်း ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေများရှာဖွေပေးခြင်း၊ ပစ္စည်းနှင့်ငွေကြေးများအလှူခံကူညီပေးခြင်းစသည့် အရေးပေါ်ကူညီထောက်ပံ့ရေးလုပ်ငန်းများကို နိုင်ငံအလိုက်နည်းမျိုးစုံဖြင့် ဆက်လက်လုပ်ဆောင်ပေးလျက်ရှိနေကြဆဲ ဖြစ်ပေသည်။


Photo - Sawwin Maung



Comments


bottom of page